Sondag 19 Oktober 2014

ကိုယ့်ပြည်သူသာ အားကိုးရာ


ကိုယ့်ပြည်သူသာ အားကိုးရာ
သူတို့ပြည် သူတို့ အကြောင်း
ကောင်းပေတယ် တို့ မငြင်းချင်ဘု
တို့ချင်း ညီညာညာနဲ့
ပြည်ရွာဝန် အားသွန်ထမ်းရင်ဖြင့်
တို့လမ်းလည်း သာလိမ့်မယ်၊၊

မညီကြရင်ဖြင့်
ပြည်လှမယ် တယ်မထင်နဲ့
ကယ်တင်မယ် ဟန်စကားတွေနဲ့
တရွယ်ရွယ် အကြံသမားတွေက
ညဏ်များကာ မာယာဆင်လို့
တပြင်ပြင်နေကြဆဲပါပဲ
ပြည်ထဲမှာ တမွှေမွှေနဲ့
ဒေါ်လာငွေ အာသာငမ်းသူတို့
ကျော့ကွင်းကိုထောင်ကာဖမ်း
အားစမ်းကြတယ်၊၊
ဒူးမထောက်လေနဲ့
နယူးယောက် ဝါရှင်တန်က
ဒေါ်လာသံ ချွင်ချွင် ဟည်းတဲ့ပြင်
သံတမန် သူလျှိုနည်းတွေနဲ့
ပစ္စည်းကို ငါးစာမျှားပါလို့
တိုင်းနိုင်ငံ ပြည်ငယ်များကိုလ
ဖြားယောင်းလို့ မြှူဆွယ်
နယ်ပယ်ချဲ့သမား၊၊
တို့အားကိုတို့ခင်
ကိုယ်ရေး ကိုယ်ပြင်မှ
သူဆင်သည် ထောင်ချောက်ကျင်းဆီက
လွတ်ကင်းမည် အမှန်သာပေါ့
တို့ပြည်သူ တစ်တပ် တစ်အားရယ်နဲ့
ကိုယ့်ဓားကိုနာနာကိုင်လို့
ကိုယ့်နိုင်ငံ ကိုယ်သာ ဆောက်ပါကြ
ကိုယ့်သွေးကို ကိုယ်ပြန်မသောက်လေနဲ့
ဖောက်ပြန်သူ မသမာက
ညီညွတ်မှာ မလိုလားချေဘု
မော်စကို နောက်ပေါက်များကိုလည်း
ထင်စားကာ မယုံလေနှင့်
နယ်ချဲ့တွေ နောက်တော်ပါးဆီက
ကြောက်အားတွေတသန်သန်နဲ့
ရန်သူကို မိတ်ဆွေဖွဲ့လေသတဲ့
တကယ့်ဆို ထိုအရေးမှာဖြင့်
ဘေးထိုင်ကာ ရေသာခိုလိမ့်
ကိုယ့်အားကို တကယ်စွဲပါမှ
ကိုယ့်တိုင်းပြည် အခြေမြဲလို့ရယ်
ပွဲတင့်လိမ့်တကား
တင်မိုး

Geen opmerkings nie:

Plaas 'n opmerking